ဒိုမိန်း ဆိုတာကတော့ အရိုးရှင်းဆုံး ပြောရရင် Website (သို့မဟုတ်) Web-based Application တစ်ခုခု အတွက် လိပ်စာပဲ ဖြစ်ပါတယ်။ Website တစ်ခု Online ပေါ်မှာ အောင်မြင်စွာ လွှင့်တင်နိုင်ဖို့အတွက် Domain ကတော့ မပါမဖြစ်တဲ့ အရာတွေထဲက တစ်ခုပါ။
ဥပမာ။ အမှတ်(၄၂) မြေညီထပ်၊ ဇဋိလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန် ဆိုတာက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရုံးလိပ်စာပါ။ အဲ့ဒီလိပ်စာကို သိတော့မှ ကျွန်တော်တို့ ရုံးကို လာမယ့်သူတွေ တည့်တည့်မတ်မတ် လာနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ Website တစ်ခုရဲ့ Domain Name ကလည်း အဲ့ဒီသဘောပါပဲ မိတ်ဆွေတို့ရဲ့ Website ကို ဝင်ရောက် ကြည့်ရှုမယ့်သူတွေအတွက် လိပ်စာ ဖြစ်ပါတယ်။ Web Browser တွေကနေ မိတ်ဆွေတို့ရဲ့ Website လိပ်စာ (Domain Name) ကိုရိုက်ထည့်ပြီး မိတ်ဆွေရဲ့ Website ကို ဝင်ကြည့်ကြမှာ ဖြစ်ပါတယ်။ ဒါကတော့ အရိုးရှင်းဆုံး ပြောပြတာပါ။
အခုကနေစပြီး Domain အကြောင်းကို ဒီ့ထက် ပိုပြည့်စုံအောင် ပြောပြပါမယ်….
အင်တာနက်ဆိုတာ ကိုယ့်ရဲ့ Computer သို့မဟုတ် Smart Phone တစ်လုံးနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကွန်ပျူတာတွေ၊ Smart Phone တွေကို ကွန်ယက်တစ်ခုအဖြစ် (ကြိုးတွေ၊ Wireless တွေ၊ ဂြိုလ်တုတွေနဲ့) ချိတ်ဆက် ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ ကွန်ပျူတာတွေ၊ Smart Phone စတာတွေကို ချိတ်ဆက် ရာမှာ တစ်ခုနဲ့တစ်ခု အတိအကျ သိရှိနိုင်ဖို့အတွက် IP Address (Internet Protocol address) ဆိုတာရှိပါတယ်။
IP Address ဆိုတာ ဥပမာ။ 203.81.63.10 စတာမျိုးပါ။ အင်တာနက် ကွန်ယက်ထဲမှာ ဆက်သွယ်ထားတဲ့ Web Hosting Server၊ ကွန်ပျူတာ၊ Smart Phone စတာတွေမှာ အဲ့လိုမျိုး IP Address တွေရှိပါတယ်။ မျက်စိထဲ မြင်အောင် ပြောရရင် IP Address ဆိုတာ ကျွန်တော်တို့ ဖုန်းတွေအတွက် ဖုန်းနံပါတ် လိုပါပဲ။ ဖုန်းနံပါတ်မှာ နံပါတ်အတူဆိုတာ မရှိကြသလိုမျိုး IP Address ဆိုတာလဲ မတူကြပါဘူး။ ဒါပေမယ့် တစ်ခုပြောကြမှာ ဖုန်းနံပါတ် အချို့က ဆင်တူကြတယ်လေ ဥပမာ။ ၀၉ ၅၁၀ ၁၆၆၀ နဲ့ ၀၉ ၇၈ ၅၁၀ ၁၆၆၀ ဆိုသလို ဆင်တူကြတာရှိပါတယ်။ ဒါပေမယ့် Operator ID တွေ မတူပါဘူး။ အဲဒါကလည်း Domain Name မှာ https://www.myanmarictsolutions.pro နဲ့ https://www.myanmarictsolutions.net မတူသလိုပါဘဲ။ နောက်ဆုံး Domain Extension မှာ .pro နဲ့ .net ကွဲသွားကြပါတယ်။ IP Address တွေအကြောင်းကိုတော့ နောက်အလျှဉ်းသင့်ရင် ထပ်တင်ပေး ပါမယ်။ အခုတော့ ဒိုမိန်းလိပ်စာ အကြောင်းကိုပဲ ဆက်လိုက်ရအောင်…..
အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အင်တာနက်ထဲမှာ ကွန်ပျူတာတွေ၊ Smart Phone တွေဟာ IP Address တွေနဲ့ ချိတ်ဆက်ထားပေမယ့် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ IP Address တွေကို အလွယ်တကူ ဘယ်မှတ်မိနိုင် ကြပါ့မလဲ။ ကျွန်တော်တို့ ဖုန်းတွေမှာတောင် ဖုန်းနံပါတ်တွေမှတ်ရင် ဖုန်းနံပါတ်ကို နာမည်နဲ့ တွဲမှတ် ကြတယ်လေ။ ဥပမာ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဖုန်းနံပါတ် ကတော့ ၀၉ ၂၅၅ ၇၂၆ ၃၂၁ ပါခင်ဗျာလို့ မိတ်ဆွေတို့ကို ပြောပြ လိုက်ရင် မိတ်ဆွေတို့ ဖုန်းထဲမှာ မှတ်လိုက်မှာက နံပါတ်တင်မဟုတ်ပဲ MISL (သို့မဟုတ်) Myanmar ICT Solutions Limited လို့ မှတ်လိုက်ကြမှာပါ။ ဘာလို့လဲဆိုတော့ နံပါတ်တွေပဲမှတ်ရင် များလာတော့ ရှုပ်လာတာပေါ့။ အဲ့ဒါကြောင့် ဖုန်းနံပါတ်ကို မှတ်မိလွယ်အောင် နာမည်နဲ့ တွဲမှတ်လိုက်တယ်။ အဲ့တော့ နောက်ဖုန်းပြန်ခေါ်ချင်ရင် Myanmar ICT Solutions Limited ဆိုတာလေးကို ရှာလိုက်ပြီး ခေါ်လိုက်ရင် ကျွန်တော်တို့ နဲ့ ဖုန်းစကားပြောလို့ရပြီပေါ့။ အဲလိုပဲ ကျွန်တော်တို့ ကုမ္ပဏီအကြောင်းကို သိချင်ရင် ကျွန်တော်တို့ ကုမ္ပဏီအကြောင်းတွေ ရေးပြီးတင်ထားတဲ့ Website အတွက် Web Hosting Server ရဲ့ IP Address ကိုမှတ်ထားမယ့်အစား myanmarictsolutions.pro ဆိုပြီး မိတ်ဆွေတို့ရဲ့ Computer (သို့မဟုတ်) Smart Phone တွေရဲ့ Website တွေကြည့်တဲ့ Web Browser ကနေ ရိုက်ထည့်လိုက်ရင် ကျွန်တော်တို့ Website ဆီကို တန်းတန်းမတ်မတ် ရောက်လာမှာပါ။ အဲ့ဒီ myanmarictsolutions.pro ဆိုတာကတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ Domain Name ပဲ ဖြစ်ပါတယ်ခင်ဗျာ။
Domain Name နဲ့ပတ်သက်ပြီး နောက်ထပ် သိသင့်တာကတော့ “Domain Extension” နဲ့ “Domain Extension Type” တို့ပဲဖြစ်ပါတယ်။
Domain Extension ဆိုတာကတာ့ Domain Name ရဲ့ နောက်ဆုံးမှာ ပါတဲ့ .com ၊ .net ၊ .info ၊ .org ၊ .pro စတာတွေပဲဖြစ်ပါတယ်။ Domain Extension တွေကတော့အများကြီးပါပဲ။ အများသုံးနေကြတဲ့ နမူနာကိုပဲပြောပြထားတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် Online Shop တွေအတွက် .shop စတာတွေပါ ရှိလာပါပြီ။
Domain Extension တွေအားလုံးကို သိချင်ရင်တော့ ဒီနေရာကိုနှိပ်ပြီး မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Domain Extension တစ်ခုချင်းစီမှာလဲ သူ့အဓိပ္ပါယ်နဲ့သူ ရှိကြပါတယ်။ အများဆုံး အသုံးပြုကြတဲ့ Domain Extension ၅ ခုကို ဥပမာပြောပြရရင်…
.com ဆိုတာကတော့ (Commercial) ရဲ့ အတိုကောက် ဖြစ်ပြီး စီးပွားရေးလုပ်ငန်း Website များ၊ e-Commerce လုပ်ငန်းများ၏ Website များ စတာတွေမှာ အသုံးပြုကြပါတယ်။
.net ဆိုတာကတော့ (Network) ရဲ့အတိုကောက်ဖြစ်ပြီး အင်တာနက် ဖြန့်ဝေသူတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေ၊ နည်းပညာပိုင်းဆိုင်ရာ Website စတာတွေမှာ အသုံးပြုကြပါတယ်။
.org ဆိုတာကတော့ (Organizations) ရဲ့အတိုကောက်ဖြစ်ပြီး အသင်းအဖွဲ့တွေ၊ NGO တွေနဲ့ ဖိုရမ်စတဲ့ Website တွေမှာ အသုံးပြုကြပါတယ်။
.info ဆိုတာကတော့ (Information) ရဲ့အတိုကောက်ဖြစ်ပြီး ဖြစ်ပြီး သတင်းအချက်အလက် ဖြန့်ဝေတဲ့ Website တွေမှာ အသုံးများကြပါတယ်။
.pro ဆိုတာကတော့ (Professional) ရဲ့အတိုကောက်ဖြစ်ပြီး Professional ပိုင်းဆိုင်ရာ လုပ်ငန်းများ အတွက် အသုံးများ ကြပါတယ်။
နောက်တစ်ခုအနေနဲ့ Domain Type (ဒိုမိန်းအမျိုးအစား) အကြောင်းကို ဆက်ပြီး ရှင်းပြပါမယ်ခင်ဗျာ..
Domain အမျိုးအစားတွေကတော အဓိကအားဖြင့် အောက်ပါအတိုင်း (၃)မျိုးရှိပါတယ်
- Top Level Domain – TLD
- Country Code Top Level Domain – ccTLD
- Sponsored Top Level Domain – sTLD
Top Level Domain (TLD) ဆိုတာကတော့ Domain Name System တစ်ခုလုံး၏ အမြင့်ဆုံးတွင် ဖေါ်ပြထားသော Domain Extension များဖြစ်ပါတယ်။ TLD Domain Extension များစွာရှိသည့်အနက်မှ .com , .net , .info , .org တို့ကတော့ အသုံးပြုသူများပြားတဲ့အတွက် လူသိ အများဆုံး Domain Extension များ ဖြစ်ပါတယ်။
Country Code Top Level Domain (ccTLD) ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံချင်းစီအတွက် ကိုယ်စားပြု ထားတဲ့ Top Level Domain Extension များဖြစ်ပါတယ်။ ဥပမာ။ မြန်မာနိုင်ငံအတွက် .mm , အမေရိကန်နိုင်ငံအတွက် .us စသည်ဖြင့်ရှိပါတယ်။ ccTLD Domain Extension List များကို အောက်ပါ လင့် (Domain URL) တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://icannwiki.org/Country_code_top-level_domain
Sponsored Top Level Domain (sTLD) ဆိုတာကတော့ အသိုင်းအဝိုင်းတစ်ခုကို ကိုယ်စားပြုထားတဲ့ Top Level Domain Extension တွေပဲဖြစ်ပါတယ်။ ဥပမာ။ ပညာရေးအတွက်ဆို .edu ၊ အစိုးရဌာနများအတွက်ဆို .gov စသဖြင့်ရှိကြပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း တွေ့ဖူးကြမှာပါ .gov.mm တွေကို အစိုးရဌာန Domain တွေမှာ တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမ္မတရုံး Website Domain က https://www.president-office.gov.mm ဖြစ်ပြီး အခြေခံပညာ ဦးစီးဌာနရဲ့ Website Domain က http://www.dbe.moe.edu.mm ဖြစ်ပါတယ်။
အဲဒါပြီးရင် ဆက်မေးကြမယ့် Domain ရဲ့ရှေ့မှာပါတဲ့ https:// နဲ့ www. ဆိုတာကရော ဘာလဲ ဆိုတာ ကိုတော့ ပုံမှာ ပြထားပါတယ်ခင်ဗျာ။
ရှေ့ဆုံးက http:// နဲ့ https:// ဘာကွာလဲဆိုတာကတော့ Secure Sockets Layer (SSL) ပါဝင်တာနဲ့ မပါဝင်တာဖြစ်ပါတယ်။ SSL ကို အတိုချုံ့ပြောရရင်တော့ အင်တာနက်ချိတ်ဆက်ထားတဲ့ Computer တွေ၊ Server တွေကို အချက်အလက် သယ်ယူပေးတဲ့ “လင့်” လို့ခေါ်ကြတဲ့ URL ကိုလုံခြုံမှုရှိအောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
ဥပမာ Website တစ်ခုမှာ ဈေးဝယ်မယ် ဆိုရင် ကိုယ့်ရဲ့ ဘဏ်ကတ် (MPU/ATM/Master/VISA) ဆိုင်ရာ အချက်အလက်တွေ ဖြည့်သွင်းရပါတယ်။ အဲ့အချက်လက်တွေကို URL ပေါ်ကနေပြီး သက်ဆိုင်ရာ Website ၊ Web Server ၊ System တွေကို ပေးပို့/လက်ခံကြပါတယ်။ အဲ့လို ပေးပို့/လက်ခံတာကို မသမာသူတွေက URL ပေါ်ကနေ ခိုးယူတာမျိုး မဖြစ်အောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။
အခုနောက်ဆုံး တစ်ကမ္ဘာလုံးမှာ Website သန်းပေါင်းများစွာ ရှိနေကြတာ Domain တွေ မတူအောင် ဘယ်သူထိန်းချုပ်ထားသလဲ/ ဘယ်သူပိုင်သလဲ ဆိုတာကတော့ သိချင်ကြမယ်ထင်ပါတယ်။
Domain တွေကို စနစ်တကျ ရှိအောင်အတွက် non-profit အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Internet Corporation for Assigned Names and Numbers (ICANN) ကစီမံပေးပါတယ်။ ICANN ကနေပြီး ဒိုမိန်းအမည်တွေ အတွက် ပေါ်လစီတွေကိုလည်း ထုတ်ပြန်ပေးထားပါတယ်။ ဒိုမိန်းများကို ရောင်းချရန်အတွက် ၎င်းအဖွဲ့အစည်းကပင် Domain Name Registrars လို့ခေါ်တဲ့ ဒိုမိန်း ရောင်းချသူတို့ကို ခွင့်ပြုထားပါတယ်။ ဒိုမိန်းကို မှတ်ပုံတင်ပြီးဝယ်ယူထားသူ (မိတ်ဆွေတို့ထဲမှ) ဟာ ဝယ်ယူထားတဲ့ ကာလအတွင်း ၎င်း ဒိုမိန်း၏ ပိုင်ရှင် ဖြစ်နေမှာပါ။ Domain ပိုင်ရှင်ဟာ ကိုယ့်ဒိုမိန်းကို အခြားသူ တစ်ယောက်အား လွှဲပြောင်း ပေးအပ်နိုင်ခြင်း၊ ပြန်လည် ရောင်းချ ခြင်း၊ ဒိုမိန်း၏ အချက်အလက် များကို စီမံခန့်ခွဲခြင်းများ ပြုလုပ်နိုင်ပါတယ်။
Domain Name အကြောင်းကို ဆက်ပြောရင်တော့ Sub Domain ၊ DNS စတာတွေ ပါရှိလာပြန်ရော.. အဲ့ဒါကြောင့် Domain Name နဲ့ပက်သက်ပြီး မဖြစ်မနေ သိထားသင့်တဲ့ အချက်လေးတွေ ပြောပြီးပြီ ဆိုတော့ စာအရမ်းရှည်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲ Domain Name အကြောင်းကို ရပ်လိုက်ပါမယ်။
အခုတော့ အဲ့ Domain Name တစ်ခု ရှိထားရုံနဲ့ ဘာတွေ လုပ်လို့ရလဲ ဆက်ပြောပြပေး ပါမယ်ခင်ဗျာ…
မိတ်ဆွေဆီမှာ ကိုယ်ပိုင် ဒိုမိန်းအမည် တစ်ခုရှိလာပြီဆိုရင်တော့ မိတ်ဆွေ (သို့မဟုတ်) မိတ်ဆွေရဲ့ လုပ်ငန်းအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ထဲမှာ နေရာတစ်ခု ရလာပြီလို့ ပြောလို့ရပါတယ်။ အဲ့ဒါဆိုရင် ဆက်လက်ပြီးတော့ မိတ်ဆွေလုပ်ငန်းရဲ့ အကြောင်းအရာတွေကိုတင်ပြပေးနိုင်တဲ့ (သို့မဟုတ်) မိတ်ဆွေရဲ့ ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေကို အဆင့်ရှိရှိ ရောင်းချနိုင်တဲ့ Website တစ်ခုကို ဖန်တီးဖို့အတွက် လမ်းစတစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။ အနည်းဆုံးတော့ မိတ်ဆွေ ကိုယ်ပိုင် Business Email တစ်ခုကို အသုံးပြုနိုင်ပါပြီ။ Business Email ဆိုတာကတော့ ဥပမာ။ info@myanmarictsolutions.pro ဆိုတဲ့ ကိုယ့်လုပ်ငန်း (Domain Name) နဲ့ Email ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ Business Email ကို အသုံးပြုတဲ့အတွက် မိတ်ဆွေရဲ့ Customer တွေ၊ Supplier တွေအပြင် မိတ်ဆွေနဲ့ Email ဆက်သွယ်သူတွေထံမှာပါ သာမန် အခမဲ့ရတဲ့ Gmail တို့ Yahoo Mail တို့သုံးတဲ့ သူတွေထက် မိတ်ဆွေပို့လိုက်တဲ့ Email ကို ပိုပြီး ယုံကြည် စိတ်ချကြမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့်မို့လို့ လက်ရှိအချိန်မှာ မိတ်ဆွေက လုပ်ငန်းတစ်ခုခုကို လုပ်နေပြီ (သို့မဟုတ်) လုပ်ဖို့စီစဉ်ထားပြီ ဆိုရင်တော့ ကိုယ့်လုပ်ငန်းနာမည်နဲ့ Domain Name တစ်ခုကိုတော့ အရင်ဦးထားဖို့လိုပါမယ်။ ဘာလို့လဲဆိုရင်တော့ အပေါ်မှာ ပြောပြခဲ့တဲ့အတိုင်း Domain တစ်ခုက တစ်ကမ္ဘာလုံးမှာ တစ်ခုပဲရနိုင်မှာပါ။ အဲ့ဒါကြောင့် သူများတွေ ဝယ်သွားရင် သူတို့ ပြန်လည်ပြီး မစွန့်လွှတ်မချင်း မိတ်ဆွေ မရရှိနိုင်တော့ပါဘူး။ ဒါ့အပြင် ပုံမှန်အားဖြင့် .com Domain Name တစ်ခုကို ဝယ်ယူလိုပါက မြန်မာငွေကျပ် ၁၈,၀၀၀ ပတ်ဝန်းကျင်ပဲရှိပါတယ်။ ဒါပေမယ့် အချို့ မသမာစီးပွားရှာသူ များက မိတ်ဆွေလုပ်ငန်းနာမည် Domain Name ကို သူတို့ ဝယ်ယူထားပြီး မိတ်ဆွေ လိုချင်တဲ့ အခါမှာ မတန်တဆ ဈေးတွေနဲ့ ပြန်လည်ရောင်းချတာကို ခံရနိုင်ပါတယ်။
အဲ့ဒါကြောင့် မိတ်ဆွေအနေနဲ့ အခုအချိန်ကစပြီး Domain တစ်ခုကို ဝယ်ယူပြီး Online Business သို့ ခြေလှမ်းစတင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ..
မှတ်ချက်။ Myanmar ICT Solutions Limited မှ ခွင့်ပြုချက်ရယူကာ ကူးယူဖေါ်ပြထားပါသည်။